Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » သေကံမရောက်သူတွေ ပြန်လာကြပြီ
 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 

 

သေကံမရောက်သူတွေ ပြန်လာကြပြီ

 ''ကျွန်တော်အသက်ရှင်မှန်း မသိသေးဘူး။ တွေ့ရင် အရမ်းဝမ်းသာကြမှာ။ အရမ်းပြန်ချင်နေလို့ တစ်ညလုံးလဲ အိပ်လို့မရဘူး။ လူကရန်ကုန်မှာ စိတ်က ဖျာပုံရောက်နေတာကြာပြီ''ဟု ဆိုသူက မုန်တိုင်းကြောင့် ပင်လယ်ပြင်၌ တစ်လကြာမျောပါကာ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိပြီး ဇွန်၈ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဖျာပုံရေလုပ်သား၁၄ဦးထဲမှ ကိုသန့်ဇင်ဖြစ်သည်။
သူတို့တစ်တွေ မိသားစုနှင့် ခွဲခွာနေသည် မှာ သုံးလနီးပါးရှိပြီဖြစ်သည်။ သူတို့သေသည် ရှင် သည်ကိုမသိဘဲ စိတ်သောကရောက်နေသည့် မိသားစု များရှိရာကို အပြေးပြန်ကာ သူတို့ အသက်ရှင်နေ သည်ကို အသိပေးလိုလှသည်။ အသက်ဘေးမှ အကြိမ် ကြိမ်လွတ်မြောက်ကာ မိသားစုနှင့် ပြန်လည်တွေ့ဆုံရ မည်ဖြစ်၍ စိတ်လှုပ်ရှားပျော်ရွှင်နေသည်ကို သူတို့အား လုံး၏မျက်နှာတွင် အထင်းသားမြင်တွေ့နေရသည်။

မကြုံဖူးတဲ့မုန်တိုင်း
အဆိုပါရေလုပ်သားများသည် ကျားဖောင် လုပ်ငန်းဖြင့် အသက်မွေးသောဖျာပုံခရိုင်မှ ရေလုပ် သားများဖြစ်သည်။ ကျားဖောင်လုပ်ငန်းကို ဖျာပုံမြို့ နှင့်ထိစပ်နေသော မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီ ပင်လယ်ပြင်ဆက်စပ်ရာ ပင်လယ်ပြင်တွင် အထိုင် ချလုပ်ကိုင်ကြပြီး ကျားဖောင်စီးရေ ၅၀၀၀ခန့်ရှိ ကြောင်း ဖျာပုံခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
''အရမ်းကြောက်စရာကောင်းတယ်ဗျာ။ရေလုပ်သားဘ၀နဲ့ ၁၉နှစ်ရှိပြီ။ ဒီလိုသုံးရက်လောက် မနားဘဲ မုန်တိုင်းကြီးကျတာ တစ်ခါမှမကြုံဖူးဘူး။ လေပူတွေ တအားတိုက်တာ။ လှိုင်းလုံးကြီးတွေက အကြီးကြီးတွေ။ မုန်တိုင်းကျကျချင်း ဖောင်ပျက်သွား လို့ ၀ါးပိုးဝါးလေးငါးလုံးကို ကျစ်ကျစ်ပါအောင်ဖက်ထား ရတာ။ ရေထဲမှာ ၁၁နာရီလောက်ကြာတယ်။ ကယ်မယ့် သူမရှိဘဲ မုန်တိုင်းထဲမျောနေတာ။ ဘုရားပဲ တို့ကိုကယ် နိုင်တော့မယ်လို့ စိတ်ထဲထင်မိတယ်။ သေမယ်လို့ပဲ တွေးထားတာ''ဟု ခါးပြတ်ရွာမှ ကျွမ်းကျင်ရေလုပ် သားဖောင်ဦးစီး အသက်(၄၅)နှစ်အရွယ် ဦးဇော်ဦးက မုန်တိုင်းအတွေ့အကြုံကို ပြန်လည်ပြောပြသည်။
ယင်းမုန်တိုင်းသည် ၂၀၁၁ခုနှစ် မတ် ၁၄ ရက်ညတွင် မုန်တိုင်းစတင်ခဲ့ပြီး ၁၅၊ ၁၆ရက်အထိ သုံးရက်တိုင် မုန်တိုင်းကျရောက်ခဲ့သည်။ မိုးလေ၀သ ခန့်မှန်းချက်အရ တစ်နာရီ၃၅မိုင်နှုန်းဖြင့် အရှေ့ လေ တိုက်ခတ်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း တကယ်တမ်းတွင်မူ အရှေ့မြောက်အရပ်မှ မိုင် ၁၂၀ နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းကြောင့် ပင်လယ်ပြင်ဘက်သို့ ရေလုပ်သားများ မျောပါခဲ့ရပြီး ယင်းအချိန်တွင် ပင် လယ်ပြင်၌ ရေလုပ်သား၁၆၀၀၀ကျော် လုပ်ငန်းခွင်ဝင် နေကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

နာဂစ်မှာမသေ အခုသေရတော့မည်
''လှိုင်းလုံးကြီးတွေများ တိုက်မကမြင့်တာ။လှိုင်းကြားထဲမှာ ဖောင်က လိမ့်ပြီးမျောနေတာ။ မှောက် မလို မှောက်မလိုနဲ့ လှိုင်းကြားထဲမှာ ဘာမှ မမြင်ရဘဲ မြုပ်နေတာ။ ကြောက်တာပေါ့ဗျာ။ ဒီတစ်ခါတော့တို့ သေပြီ မောင်ကြီးမြင့်ရေလို့ ဦးစီးကိုတောင် ပြောမိ တယ်''ဟု ဆိုသူက နာဂစ်မုန်တိုင်းတွင် မိခင်၊ ဇနီး၊ သမီးနှင့် ဆွေမျိုးရင်းချာ၆၂ဦး သေဆုံးပြီး မအူပင် ကယ်ဆယ်ရေးစခန်း၌ နေထိုင်ခဲ့ရသူ ကိုသန့်စင်ဖြစ် သည်။ ကိုကံကောင်း သို့မဟုတ် ကိုသက်ပြင်းဟုဆိုရ မည့် ကိုသန့်စင်သည် ယခုအခါ နောက် အိမ်ထောင် ဖြင့် သားတစ်ယောက်ထွန်းကားပြီး နှစ်နှစ်အရွယ်သို့ ရောက်နေပြီဟု သိရသည်။

သေသူသေ၊ ပျောက်သူပျောက်
သိန်း ၆၅၀၀၀လဲ ဆုံးရှုံး

အဆိုပါမုန်တိုင်းကြောင့် ရေလုပ်သားများ မှာ ပင်လယ်ပြင်၌မျောပါပြီး ဟိုင်းကြီးကျွန်း၊ ကိုကိုး ကျွန်း၊ ကော့သောင်းစသည့် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ဒေသများအပြင် အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံ များအထိပါ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင်ရောက် ရှိနေသော ရေလုပ်သား၁၃၀ကို ပြန်လည်ခေါ်ယူနိုင် ရန်ကိုလည်း ဆောင်ရွက်နေကြောင်းသိရပြီး ရေလုပ် သား ၂၀ သေဆုံးပြီး ၄၈၀ ပျောက်ဆုံးနေဆဲဖြစ်ပြီး လုပ်ငန်းဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၆၅၀၀၀ရှိသည်ဟု သိရသည်။

ဖောင်မပျက်လို့ အသက်ရှင်ကြရ
''ကျွန်တော်တို့ဖောင်တစ်စင်းပဲ မပျက်ဘဲ ကျန်ခဲ့တာ။ ၀ါးပိုးဝါးဖက်ပြီး မျောနေတဲ့သူတွေကို ဆယ်တင်ရင်း ၁၄ယောက်ဖြစ်သွားတာ။ ပိုင်ရှင်သာ ကွဲတာ အားလုံးက သိပြီးသား။ ဗုဒ္ဓဘာသာပဲ ကိုယ့်ရှိ တာ မျှစားမယ်ဆိုပြီးကယ်ခဲ့တာ။ ဆန်က တစ်တင်း လျော့လျော့လောက်ကျန်တာ။ ဆန်ထုပ်ကို ကြိုးနဲ့ သေချာချည်ထားတယ်။ မီးမသေအောင် ဖောင်ပျက် ဆယ်ပြီး တောက်လျှောက်မွှေးထားရတယ်။ဖောင် မှာပါတဲ့ သံချောင်းနဲ့မှိန်းလုပ်ပြီး ငါးရှာစားရတယ်''ဟု မပျက်ဘဲကျန်ခဲ့သည့် ဖောင်ဦးစီးဦးကြီးမြင့်က ပြော သည်။

ရိက္ခာကုန်ပြီး အာဟာရလဲပြတ်
မုန်တိုင်းကျစဉ်ကပင် ဖောင်ပေါ်ရှိတဲအိမ် ပြိုသွားသည့်အတွက် နေပူပူမိုးရွာရွာ ဒီအတိုင်းသာ နေခဲ့ကြရသည်။ မိုးရွာလျှင် မိုးရေကို တာလပတ်စဖြင့် ခံကာ မိုးရေသောက်ကြသော်လည်း မိုးရေကုန်သော အခါ ပေါင်းခံရေကို အာဆွတ်ရုံသောက်ကြရပြီး ဆန် လဲကုန်သွားပြီဖြစ်ရာ အာဟာရပြတ်ပြီး အသက်ကြီး သူများ လဲကုန်ကြသည်။
''ရက်က ကြာလာတော့ စိတ်ဓာတ်ကျလာ တယ်။ ဆန်ကလဲကုန်ပြီ သေရတော့မယ်လို့ ထင်ထား တာ။ တစ်ယောက်သေတာနဲ့ စိတ်ဓာတ်ကျပြီး အကုန် သေမှာ ဘုရားသာ ကယ်နိုင်မှာဆိုပြီး တတ်သလောက် အားလုံး ဘုရားမပြတ်ရှိခိုးဖြစ်တယ်''ဟု ကိုသန့်ဇင်က သူတို့ဒုက္ခရောက်ခဲ့ပုံကို ပြန်လည်ပြောပြသည်။

ရိက္ခာရှာရင်း လူကွဲ
စားစရာဆန်မရှိတော့သည့်အတွက် ဘေး မှ မျောလာသောဖောင်ပျက်တွင် ရိက္ခာသွားရှာရင်း ဖောင်ပေါ်သို့ ပြန်လည်တက်၍မရဘဲ လူစုကွဲခဲ့ရသူ ဦးဇော်ဦး''ရိက္ခာရှိမလားလို့ သွားရှာတာ။ ရိက္ခာမရှိတဲ့ အပြင် ဒီဘက်ဖောင်ကို ပြန်တက်လို့မရတော့ဘူး။အဖွဲ့လိုက်ဆိုတော့ တော်သေးတယ်။ အားငယ်ပြီး စိတ်ဓာတ်ကျသွားတာ။ ကံကောင်းလို့သာ ဖောင်ပျက် မှာ မီးခြစ်နဲ့မှိန်းရှိလို့ အသက်ဆက်နိုင်ခဲ့တာ။ သီရိ လင်္ကာကို ဟိုအဖွဲ့ရောက်ပြီး ၁၀ရက်ကြာမှရောက် တယ်''ဟု သူကြုံခဲ့ရသည်ကို ပြောသည်။

ရေလဲနက် ငါးမန်းကပေါ
ပင်လယ်ပြင်၌ တစ်လခန့်ကြာသောအခါ ရေအနက်ပေ ၁၄၀၀ကျော်သို့ ရောက်ရှိနေပြီး အသား စားငါးမန်းများကိုပါ တွေ့လာရသည်ဟု သိရသည်။
''မြေကြီးကို ကြိုးနဲ့စမ်းတာ လက်လှန် ၃၀၀ တောင်မြေမထိဘူး။ ပေ ၁၄၀၀ လောက်ရှိမယ်။ ဟိုင်း လို့ခေါ်တဲ့ အသားစားငါးမန်းတွေတောင် တွေ့လာရ တယ်။ အားလုံးကို ဖောင်ဘေးမသွားဖို့ မှာထားရ တယ်။ အစာငတ်လို့ပဲ သေမလား၊ တစ်နည်းနည်းနဲ့ တော့ တို့တွေသေရတော့မယ်လို့ တွေးထားတာ၊ ကံ ကောင်းလွန်းလို့သာ ဘေးမကြုံခဲ့ရတာ''ဟု ကိုသန့်ဇင် က ပြန်လည်ပြောပြသည်။

ရှိကြီးခိုးပါရဲ့ ကယ်ကြပါဗျာ
ပင်လယ်ပြင်၌ ဖြတ်သန်းသွားသော သင်္ဘော ကြီးများကို အလံဖြူပြကာ အကူအညီတောင်းသော် လည်း ကယ်သူမရှိဘဲဖြစ်ခဲ့ရ၍ ယခုသူတို့အား ကယ် ဆယ်ခဲ့သော သီရိလင်္ကာသင်္ဘောထံ အကူအညီတောင်းခံ ခဲ့ပုံကို ပြန်လည်ပြောပြရာ ''အင်္ကျီအဖြူကို ၀ါးလုံးမှာ ပတ်ပြီး အလံထောင်ပြတာ။ ဘာကြောင့် မကူညီတာ လဲတော့ မသိဘူး။ အခုကယ်တဲ့သင်္ဘောကိုတွေ့တော့ အလွတ်ပေးလို့မရဘူး။ ဒီအတိုင်းဆို တို့တွေသေတော့ မယ်ဆိုပြီး နှစ်ယောက်စာ ဖောင်အသေးလေးလုပ်ပြီး အဖွဲ့ထဲက ကောင်လေးနှစ်ယောက်က သင်္ဘောရှေ့ကို ပတ်သွားပြီး ငါတို့ကိုကယ်ပါဆိုပြီး လက်အုပ်ချီရှိခိုးပြီး ကယ်ခိုင်းတာ''ဟု ကိုသန့်ဇင်က ပြန်လည်ပြောပြသည်။

သီရိလင်္ကာမှာ ၅၁ရက်ကြာ
သီရိလင်္ကာငါးဖမ်းစက်လှေ၏ အကူအညီ ဖြင့် ၁၁ယောက်အဖွဲ့မှာသီရိလင်္ကာရေတပ်စခန်းတွင် ကြိုတင်ရောက်ရှိနေပြီး ၁၀ရက်ခန့်အကြာတွင် လူစုကွဲ သွားသော သုံးဦးကိုလည်း ထပ်မံကယ်တင်ပေးခဲ့ရာ ထိုနိုင်ငံ၌ ၅၁ရက်ကြာ နေထိုင် ခဲ့ကြသည်။
''ဘာသာစကားမတူတော့ လက်ဟန်ခြေဟန်နဲ့ပဲပြောရတယ်။ မြန်မာဆိုတာ သိအောင် လက်အုပ်ချီပြတော့ သူတို့သိတယ်။ အသက်ရှင်ရပေမယ့် အရမ်းအားငယ်မိ တယ်။ သံရုံးက ဦးသန်းလွင် မြန်မာလို စကားလာပြောတဲ့ အချိန်မှာ အရမ်းဝမ်းသာသွား တယ်။ ငါကိုယ့်နိုင်ငံပြန်ရမယ်။ မိသားစုနဲ့ ပြန်တွေ့ရမယ်။ အချိန်သာ ကြာချင်ကြာမယ်။ ပြန်ရမယ်ဆိုတဲ့အသိကြောင့် ၀မ်းသာတာပြောလို့ တောင်မတတ်ဘူး'' ဟု ဦးဇော်ဦးက သူခံစားခဲ့ရသည်ကို ပြန်လည်ပြောပြပြီး ထိုနိုင်ငံ၌ နေထိုင်စားသောက်ရပုံ အခုလို ပြောပြသည်။
''နေရတာကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ ထမင်းကို ကြွပ်ကြွပ်အိတ်နဲ့ ကျွေးတယ်။ အသား၊ ငါးက တစ်ပတ်တစ်ခါ ငါးရက်တစ်ခါလောက် ကျွေးတယ်''ဟု ဆိုသည်။

ပြည်တော်ပြန်ခရီး
အဆိုပါရေလုပ်သားများသည် နှစ်နိုင်ငံသံရုံး၏စီစဉ်မှုဖြင့် ၂၀၁၁ခုနှစ်ဇွန် ၈ရက်တွင် မလေးရှားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ သူတို့၏ နေရပ်ဖျာပုံသို့ပြန်လည်မပို့ဆောင်မီ ပြည်တွင်းမီဒီယာများနှင့် ဇွန် ၉ရက်တွင် တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်း၌ ဖျာပုံဒေသအာဏာပိုင်နှင့် ဖျာပုံခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် တို့မှ မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

 

အေးမြမြထွန်း ရေးသားသည်။

 

Source:  
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio