|
ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက်၍သုတေသနမှူးဦးကိုကို၏
အသံလွှင့်ဟောပြောချက်(၄)

၁၉၈၅ခုနှစ် စက်တင်ဘာ ၇ရက် စနေနေ့ ညနေ ၅နာရီ ၄၅ မိနစ်က မြန်မာ့အသံ
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ အစီအစဉ်မှ ရှေးဟောင်းသုတေသနဦးစီးဌာန
သုတေသနမှူး ဦးကိုကိုက ဓမ္မစေတီမင်းခေါင်းလောင်းတော်ကြီး အကြောင်းကို
အသံလွှင့်ဟောပြောခဲ့ရာ ဟောပြောချက်သည် အောက်ပါအတိုင်း ဖြစ်ပါသည်။
သောတရှင်များခင်ဗျား-
ဒီကနေ့ ယဉ်ကျေးမှုအနုပညာကဏ္ဍမှာ မြန်မာနိုင်ငံသမိုင်း မှတ်တမ်းများအရ
ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီးအကြောင်း
တင်ပြလိုပါတယ်။ ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီးဆိုတာက ခရစ်နှစ်
၁၄၇၂ခုနှစ်မှာ ဘုရင်မကြီး ရှင်စောပုရဲ့ ဟံသာဝတီထီးနန်းအရိုက်အရာကို
ဆက်ခံတဲ့ သမက်တော် ဓမ္မစေတီမင်းကြီးဟာ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှာ
သွန်းလုပ် လှူဒါန်းခဲ့ရာ ခေါင်းလောင်းတော်ကြီးနှစ်လုံးအနက်
ခေါင်းလောင်း နှုတ်ခမ်းအ၀ ရှစ်တောင်၊ စောက် ၁၂တောင်နှင့် အလေးချိန် ကြေး
ပိဿာ ၁၈၀၀၀၀ရှိတဲ့ ခေါင်းလောင်းတော်ကြီးအကြောင်းဖြစ်ပါတယ်။
မြန်မာ့ပန်းဆယ်မျိုး
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု အနုပညာရပ်များမှာ အကျဉ်းအားဖြင့်
ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့၊
ပန်းရန်၊ ပန်းတဉ်း စသည်ဖြင့် လုပ်ငန်း ၁၀မျိုးရှိကြောင်း
လေ့လာသိရှိရပါတယ်။ ဒီအနုပညာပန်း ၁၀မျိုးမှာပါတဲ့ ပန်းတဉ်း ပညာရပ်မှာ
ကြေးသွန်းလုပ်ငန်းနဲ့ ကြေးခတ်လုပ်ငန်းဟူ၍ နှစ်မျိုးရှိပါတယ်။
ဓမ္မစေတီခေါင်းလောင်းကြီး
မြန်မာ့ပန်းတဉ်းပညာရပ်က ပေါ်လွင်လာတဲ့ ဓမ္မစေတီမင်း
ခေါင်းလောင်းတော်ကြီးဟာ ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ သွန်းလုပ်
လှူဒါန်းခဲ့ကြတဲ့ ခေါင်းလောင်းကြီးများထဲမှာ ဒုတိယအစောဆုံးဖြစ်ပြီး
အကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။
ဓမ္မစေတီမင်းကြီးဟာ ဒီမျှအလေးချိန်များပြားတဲ့ ကြေးခေါင်း
လောင်းကြီးအပြင် အလေးချိန် ပိဿာ ၅၀၀ရှိတဲ့ အခြားခေါင်းလောင်း
ငယ်တစ်လုံးကိုလည်း သွန်းလုပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဓမ္မစေတီမင်းကြီးရဲ့ခေါင်းလောင်းအလှူမှာ ဒဂုံမြို့သူမြို့သားများက
ငွေပိဿာ ၅၀နဲ့ ကြေးချိန်ပိဿာ ၅၀၀၀ အလှူပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဓမ္မစေတီမင်းကြီးဟာ ခေါင်းလောင်းလှူတဲ့အပြင် မိမိနှင့်
ရှင်စောပုဘုရင်မကြီးတို့ရဲ့ ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ရွှေကို
ရွှေပုစွန်ခွက်ခတ်ပြီး ထီးတော်က ဖိနပ်တော်တိုင်အောင် ရွှေသင်္ကန်း
ကပ်ခဲ့ကြောင်းပါ မှတ်သားရပါတယ်။
ဓမ္မစေတီမင်းကြီးဟာ ရွှေတိဂုံစေတီတော်ကြီးမှာ ဒီလိုအလှူ
အတန်းကြီးပြုလုပ်တဲ့အကြောင်းရင်းကြီးကလဲ ရှိနေပါတယ်။ မွန်
ဘုရင်မကြီးရှင်စောပုဟာ ရွှေတိဂုံစေတီတော်ကြီးကို ကြည်ညိုလွန်းတဲ့ အတွက်
စေတီတော်ကြီးရဲ့ ၀တ္တကမြေနယ်နိမိတ်ကို အလွန်ပင် ကျယ်အောင် လှူခဲ့ပါတယ်။
ဓမ္မစေတီမင်းကြီးနန်းဆက်ခံတဲ့အခါမှာ ၀တ္တကမြေနယ်နိမိတ်ဟာ
ကျယ်လွန်းလှတယ်လို့ယူဆပြီး ပြန်ချုံ့ခဲ့ပါ တယ်။
ဒီလိုဝတ္တကမြေနယ်နိမိတ်ကို ပြန်ချုံ့ခဲ့တဲ့အတွက် ကာမိအောင်
ဒီမျှရက်ရက်ရောရောလှူဒါန်းခြင်းဖြစ်ကြောင်း သိရပါတယ်။ ဓမ္မစေတီ
မင်းကြီးဟာ ပိဋကတ်ကျမ်းဂန်တတ် ပိဋကဓရဘွဲ့ခံ ရဟန်းတော်
လူထွက်မင်းတစ်ပါးဖြစ်လို့ ၀ိနည်းဓမ္မသတ်များနဲ့ ညီညွတ်အောင်
စီစဉ်လှူဒါန်းခဲ့ဟန်တူကြောင်း ယူဆရပါတယ်။
သောတရှင်များခင်ဗျား-
ပျူခေါင်းလောင်း
မြန်မာနိုင်ငံမှာ သရေခေတ္တရာ၊ ပျူခေတ်ကပင် ဘုရားပုထိုး များမှာ
ခေါင်းလောင်းများလှူဒါန်းခဲ့တဲ့ဓလေ့ကို အထင်အရှားသိနိုင် ပါတယ်။
ရှေးဟောင်းသုတေသနဌာနက ၁၉၆၆-၆၇ ခုနှစ်များက ပြည်၊ မှော်ဇာ၊
ဘုရားမာအနီးကုန်းမြေမှာ ၁၂လက်မအမြင့်ရှိပြီး ကြေးနဲ့ပြုလုပ်ထားတဲ့
ပျူခေါင်းလောင်းတစ်လုံးကို တွေ့ခဲ့ရပါတယ်။ ဒီခေါင်းလောင်းအတွင်းမှာ
ကြေးနဲ့ အနုပညာလက်ရာမြောက်မြားစွာ သွန်းလုပ်ထားတဲ့
ပျူခေတ်သဘင်ပညာသည်ငါးဦး အရုပ်ငယ်များကို ပါ တွေ့ခဲ့ရပါတယ်။
ဒီလိုတွေ့ခဲ့တဲ့ ခေါင်းလောင်းနဲ့ကြေးအရုပ်ငယ် များက ပျူခေတ်ရဲ့
ပန်းတဉ်းပညာမြင့်မားမှုကို သက်သေပြနေကြပါ တယ်။
ပုဂံခေါင်းလောင်း
ပျူခေတ်ကပျက်သုဉ်းသွားပြီးနောက် ပုဂံခေတ်မှခေါင်းလောင်း
အလှူမှတ်တမ်းတချို့ကို တွေ့ရပါတယ်။ ထီးလှိုင်ရှင် ကျန်စစ်သား
မင်းကြီးရဲ့ ခေါင်းလောင်းအလှူနဲ့ပတ်သက်လို့ မှန်နန်းရာဇာဝင်တော်
ကြီးနဲ့ ဦးကုလားမဟာရာဇ၀င်ကြီးတို့မှာ ကြေးစင်တစ်ထောင်သွန်း သော
ခေါင်းလောင်းကြီးငါးလုံးတို့ကိုလဲ ရွှေစည်းခုံဘုရားမှာ သုံးလုံး၊
အာနန္ဒာဘုရားမှာ တစ်လုံး၊ မင်းအိုချမ်းသာဘုရားမှာ တစ်လုံးလှူ
တော်မူ၏လို့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
အလောင်းစည်သူမင်းကြီးရဲ့ ခေါင်းလောင်း အလှူနဲ့ပတ်သက်လို့လဲ
သဗ္ဗညုဘုရားကို တည်တော် မူ၍ ဘိုးတော်ထီးလှိုင်ရှင်မင်းကြီး လှူတော်မူသော
ခေါင်းလောင်းကြီး ငါးလုံးထက် ကြီးမြတ်လှစွာသော
ကြေးစင်တိုလာတစ်သောင်းကို သွန်းသော ခေါင်း လောင်းကြီး နှစ်လုံးတို့ကို
သဗ္ဗညုဘုရားမှာ တစ်လုံး၊ ရွှေဂူဘုရားမှာ တစ်လုံး လှူတော်မူ၏လို့ မှတ်တမ်း
တင်ထားတာကို တွေ့ရပါတယ်။ သမိုင်းမှတ်တမ်းမှာ ပါတဲ့ တိုလာတစ်သောင်းကို
ခေတ်သုံးပိဿာနဲ့ တွက် ကြည့်ရင် ငါးကျပ်မှာ တစ်ပိုလ်ရှိပြီး
ပိုလ်တစ်ရာမှာ တစ်တိုလာနဲ့ညီမျှတယ်လို့ သိရလို့ တိုလာတစ်သောင်း ဆိုရင်
ပိဿာချိန် ငါးသောင်းနဲ့ ညီမျှကြောင်း သိရပါ တယ်။
ဒီခေါင်းလောင်းကြီးတွေကို မျက်မှောက်ခေတ် ကာလမှာ မတွေ့နိုင်တော့ပေမယ့်
သဗ္ဗညုဘုရားအနီး မှာ ကြီးမားပြီး ကျောက်နဲ့ ဆောက်ထားတဲ့ ခေါင်း
လောင်းထမ်း ကျောက်အုတ်တိုင်မြင့်ကြီး နှစ်တိုင်ကို တော့
သမိုင်းသက်သေအဖြစ်နဲ့ ယနေ့တိုင် အထင် အရှားတွေ့နိုင်ပါသေးတယ်။
သောတရှင်များခင်ဗျား-
ပုဂံခေတ်မှာ အဲဒီလိုကြီးမားတဲ့ ကြေးခေါင်း လောင်းကြီးများကို
တွေ့ရှိခဲ့ရသလို ဟံသာဝတီသမိုင်း စဉ်မှာလည်း မွန်ဘုရင်များဟာ
ကြေးခေါင်းလောင်း ကြီးများ သွန်းလုပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
မွန်ခေါင်းလောင်းကြီးများ
ခရစ်နှစ် ၁၃၆၉ခုနှစ်မှာ နန်းတက်တဲ့ ဗညား ဦးဟာ ရွှေမော်ဓောစေတီကို
ပြုပြင်မွမ်းမံပြီး ရင်ပြင် တော်ပေါ်မှာ ကြေးပိဿာချိန် ၃၁၀ရှိတဲ့
ခေါင်းလောင်း ကို သွန်းလုပ်တင်လှူခဲ့ကြောင်း၊ ခရစ်နှစ် ၁၄၄၉ခုနှစ် မှာ
နန်းတက်တဲ့ ဗညားကျန်းဟာလဲ ရွှေမော်ဓော စေတီတော်ကို မွမ်းမံပြီး ကြေးပိဿာ
၇၅၀ရှိ ခေါင်း လောင်းကို သွန်းလုပ်လှူခဲ့ကြောင်း၊ ခရစ်နှစ် ၁၄၅၂
ခုနှစ်မှာ နန်းတက်တဲ့ ဘုရင်မကြီး ရှင်စောပုဟာလဲ ရွှေတိဂုံစေတီတော်မှာ
ကြေးအချိန်ပိဿာ ၁၇၀၀ရှိ ခေါင်းလောင်းကို သွန်းလုပ်လှူခဲ့ကြောင်း၊
ခရစ်နှစ် ၁၄၇၂ ခုနှစ်မှာနန်းတက်တဲ့ ဓမ္မစေတီမင်းဟာလဲ ကြေးပိဿာ ချိန်
၁၈၀၀၀၀ရှိတဲ့ ခေါင်းလောင်းကြီးတစ်လုံးနဲ့ ကြေး ပိဿာချိန် ၅၀၀ရှိ
ခေါင်းလောင်းတစ်လုံးတို့ကို သွန်း လုပ်လှူဒါန်းခဲ့ကြောင်းတို့ကို
သိရပါတယ်။
ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီရင်ပြင် ပေါ်မှာ ခရစ်နှစ်
၁၄၇၆ခုနှစ်မှာ သွန်းလုပ်လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။
ဒီခေါင်းလောင်းကြီးဟာ နှစ် ပေါင်း ၂၀၀နီးပါးမျှ တင့်တယ်စွာ
တည်ရှိခဲ့ပြီး ခရစ်နှစ် ၁၆၁၂ခုနှစ်ရောက်တဲ့အခါ
သန်လျင်စားပေါ်တူဂီလူမျိုး ငဇင်ကာဟာ အမြောက်သွန်းလုပ်ဖို့
ဒီခေါင်းလောင်း ကြီးကို ဒဂုံကနေ သန်လျင်ကို လှေနဲ့သယ်ယူရာမှာ
လှေကွဲပြီး ဒေါပုံမြစ်တွင်းကျကာ နစ်မြုပ်သွားကြောင်း မှတ်တမ်းများအရ
သိရပါတယ်။ ဒီလို ရေထဲ နစ်မြုပ် သွားတဲ့ ခေါင်းလောင်းကြီးကို
မြစ်ရေကျတဲ့အချိန်မှာ ပေါင်းကိုင်းပုစွန်တုပ်ကွေးကြီးပေါ်နေသေးတာ တွေ့ရ
တယ်လို့ ရှေးလူကြီးများက ပြောစမှတ်ပြုကြကြောင်း လဲ
သမိုင်းမှတ်တမ်းအချို့မှာ လေ့လာမိပါတယ်။
စဥ့်ကူးမင်းခေါင်းလောင်း
စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို မြစ် အတွင်းမှ ကုန်းပေါ်သို့
အောင်မြင်စွာ ဆွဲတင်ကြစဉ်က လဲ ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီးကိုပါ
ဆက် လက်ရှာဖွေဆယ်ယူချင်နေသူများ ပါဝင်ကြောင်း သမိုင်း
မှတ်တမ်းအချို့မှာ ဖော်ပြထားတာကို လေ့လာမိပါတယ်။
ရွှေတိဂုံရင်ပြင်ပေါ်မှာရှိတဲ့ စဥ့်ကူးမင်း ခေါင်းလောင်းတော်ကြီးဟာ
ခရစ်နှစ် ၁၇၇၈ခုနှစ်မှာ သွန်း လုပ်လှူဒါန်းခဲ့ပြီး ကြေးအချိန် ပိဿာ
၁၅၅၅၅ မျှရှိပါတယ်။ ဒီခေါင်းလောင်းတော်ကြီးကို ပထမ အင်္ဂ လိပ်
မြန်မာစစ်ပွဲအတွင်းမှာ နယ်ချဲ့တွေဟာ စေတီရင် ပြင်ပေါ်မှ
ဖြုတ်ယူခဲ့ကြပြီး သင်္ဘောပေါ်တင်ရာမှာ ရန်ကုန်မြစ်ထဲကျသွားလို့ နယ်ချဲ့တွေ
ကြိုးစားဆယ်ယူ ခဲ့ပေမယ့် မရခဲ့ပါဘူး။ စစ်ပွဲပြီးလို့
စစ်ပြေငြိမ်းပြီးတဲ့ အခါမှာ မြန်မာတို့က ပြန်လည်ဆယ်ယူရရှိကြပြီး
ရွှေတိဂုံစေတီရင်ပြင်တော်မှာ တစ်ကျော့ပြန်ကပ်လှူ ထားခဲ့ကြတဲ့
ခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။ ယခု အခါ ရွှေတိဂုံစေတီတော် ရာဟုထောင့်မှာ
အချိန်ပိ ဿာ ၁၅၅၅၅ ရှိ မဟာဃဏခေါင်းလောင်းကြီးနဲ့ အလေးချိန်ပိဿာ
၂၅၉၄၀နဲ့ ၄၉ကျပ်ရှိတဲ့ သာယာ ၀တီမင်းလှူတဲ့
မဟာသဒ္ဒဃဏခေါင်းလောင်းကြီးတို့ ဟာ ရွှေတိဂုံစေတီတော်ပေါ်မှာ
အကြီးဆုံးခေါင်း လောင်းနှစ်လုံးအဖြစ် ရှိနေကြပါတယ်။
သောတရှင်များခင်ဗျား-
ဂတ်စ်ပရိုဘယ်လ်ဘီတွေ့ရှိမှတ်တမ်းတင်
အလေးချိန်ပိဿာ ၁၈၀၀၀၀ရှိတဲ့ ဓမ္မ စေတီခေါင်းလောင်းကြီးသာ
ရွှေတိဂုံစေတီရင်ပြင်ပေါ် မှာရှိရင် ဓမ္မစေတီခေါင်းလောင်းကြီးဟာ အကြီးဆုံး
ခေါင်းလောင်းကြီးအဖြစ် ခံ့ညားထည်ဝါစွာ လေ့လာ ကြည့်မြင်နိုင်ပါမယ်။ ခရစ်
၁၅၈၃ခုနှစ် နိုဝင်ဘာလ အတွင်းက ဒဂုံကို ရောက်လာခဲ့တဲ့ ဂတ်စ်ပရိုဘယ်လ်
ဘီရဲ့မှတ်တမ်းပါအရေးအသားအချို့မှန်ပါက ဓမ္မ စေတီခေါင်းလောင်းကြီးဟာ
စာအရေးမှတ်တမ်း ကမ္ပည်းပါတဲ့ သမိုင်းအတွက် အဖိုးထိုက်တန်လှတဲ့
ခေါင်းလောင်းကြီးဖြစ်နေပါမယ်။ စာပါတဲ့ ခေါင်း လောင်းကြီးဖြစ်နေရင်
ရွှေတိဂုံစေတီမှာရှိတဲ့ ဓမ္မစေတီ ကျောက်စာတိုင် သုံးခုပါ
သမိုင်းမှတ်တမ်းတွေရဲ့ မင်း ကွန်းခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်မှာ တတိယ
အကြီးဆုံးခေါင်းလောင်းကြီးဖြစ်နေပါတယ်။ သမိုင်း မှတ်တမ်းများအရ
အထင်အရှားရှိခဲ့တဲ့ ဓမ္မစေတီမင်း ခေါင်းလောင်းကြီးသာ ရေအောက်က
ပြန်လည်ဆယ် ယူလို့ရလာရင် မင်းကွန်းခေါင်းလောင်းတော်ကြီး အလေးချိန်ထက်
သုံးဆကျော်ပိုလေးတဲ့အတွက် တန် ချိန် ၂၇၀ကျော် အလေးချိန်ရှိပြီး
ကမ္ဘာပေါ်မှာ ပထမ အကြီးဆုံးခေါင်းလောင်းကြီးအဖြစ် ရပ်တည်နေပါလိမ့် မယ်။
သောတရှင်များခင်ဗျား-
နိဂုံးချုပ်အနေနဲ့ တင်ပြရရင် သိပ္ပံပညာနဲ့ နည်းစနစ်တွေ ထွန်းကားတဲ့
မျက်မှောက်ခေတ်မှာ လွန်စွာနက်တဲ့ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ နစ်
မြုပ်နေတဲ့ သင်္ဘောပျက်များနဲ့ ရှေးဟောင်းအဖိုးတန် ရတနာများကို
ရှာဖွေတွေ့ရှိတဲ့ သတင်းအတော်များ များ ကြားသိရလို့
ဒေါပုံမြစ်တွင်းမှာသာ နစ်မြုပ်နေတဲ့
ဓမ္မစေတီမင်းခေါင်းလောင်းတော်ကြီးဟာလဲ ပြန်လည်
တွေ့ရှိဆယ်ယူရရှိနိုင်လိမ့်မယ်လို့ တွေးဆရပါတယ်။
စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးရဲ့ အစဉ်အလာ ကောင်းကို ပမာပြုပြီး
တစ်နေ့နေ့မှာ ပြန်လည်ဆယ် ယူနိုင်ပါစေလို့ ဆန္ဒပြုရင်း
နိဂုံးချုပ်အပ်ပါတယ်။
သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ထိုအသံလွှင့်ချက်ကို မြန်မာ့အသံမှ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၀ရက် အင်္ဂါနေ့
နံနက် ၁၁နာရီ ၄၅မိနစ်မှာ တစ်ကြိမ် ထပ်မံအသံလွှင့်ခဲ့သည်။ ထိုအသံ
လွှင့်ချက်သည် မြန်မာလူမျိုးတို့၏ စိတ်အစဉ်တွင် မီးခဲ ပြာဖုံးဖြစ်နေသော
ဓမ္မစေတီမင်းခေါင်းလောင်းကြီး ဆယ်ယူရေးကိစ္စကို ပြာများ
လွင့်စဉ်သွားအောင် မှုတ် ထုတ်လိုက်သလို ခေါင်းလောင်းကြီး
ရှာဖွေရေးနှင့်ပတ် သက်သော ဆန္ဒများမှာလည်း မြန်မာပြည်သူတို့ရဲ့ ရင်ထဲ၌
ထတောက်ခဲ့သည်မှာ အမှန်ဖြစ်ခဲ့ပါသည်။
ချစ်စံဝင်း
|