Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective
Home » Most Popular Articles » တစ်ချိန်က ဂင်းနက်စ်ကမ်ဘာ့စံချိန်မှတ်တမ်းဝင်ခွင့်မရလိုက်သည့် ပုဂံသူမဇီးကွက်စိန်၏ ကုန်လွန်ခဲ့သောပုံရိပ်များ
Related News
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
Archive News
[news/left-menu.htm] 
တစ်ချိန်က ဂင်းနက်စ်ကမ်ဘာ့စံချိန်မှတ်တမ်းဝင်ခွင့်မရလိုက်သည့်
ပုဂံသူမဇီးကွက်စိန်၏ ကုန်လွန်ခဲ့သောပုံရိပ်များ
၁ရာစုခေတ် ယနေ့ကမ္ဘာကြီး၌ လူသားများသည် ထူးဆန်းအံ့သြဖွယ်ရာများကို တီထွင်ဖန်တီး ပြသနေသလို သဘာဝတရားကြီးကြောင့်လည်း ထူးဆန်းအံ့သြဖွယ်ရာများ အစဉ်မပြတ်ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရသည်။ ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အကျိုး စီးပွားအတွက်လည်း
နည်းလမ်းပေါင်းစုံ ဖြင့် ကမ္ဘာက သိအောင် ဖော်ထုတ်ပြသနေကြသည်။
          အိမ်သာကမုတ် ပုံစံငယ်လေးများဖြင့် အစား အစာထည့်စားသည့်ပုံစံဖြင့် စားသောက်ဆိုင်ဖွင့်ကာ ကမ္ဘာကျော်အောင် ကြော်ငြာသည်ကတစ်မျိုး၊ ဝေဟင် မှာ 
   လေဟုန်စီးပြီး မင်္ဂလာဆောင်ကာ ကမ္ဘာသိအောင် လုပ်ပြသည်က တစ်ဖုံ၊ ဖန်ပုလင်းများ၊ မီးသီးများကို စားပြ၀ါးပြပြီး နာမည်ကြီးအောင် လုပ်ပြသည်က တစ် မျိုး၊
   အမျိုးမျိုးဖြင့် ယနေ့အင်တာနက်နှင့် ရုပ်သံသတင်း များ၊ သတင်းစာနှင့် ဂျာနယ်များ၌ နေ့စဉ်မရိုးရအောင် တွေ့မြင်နေရသည်။
          ဒါ့အပြင် ကမ္ဘာ့အသက်အကြီးဆုံးလူသား၊ ကမ္ဘာ့အရပ်အပုဆုံးလူသား၊ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး၊ ကမ္ဘာ့အကြီးဆုံးငါး စသည်ဖြင့် မျိုးရိုးဗီဇပြောင်းလဲမှု ကြောင့်
   ထူးခြားဆန်းကြယ်စွာ ဖြစ်ပေါ်နေသည့်ဖြစ်စဉ် များကလည်း ယနေ့သတ္တလောက ကမ္ဘာကြီးတွင် ဒုနှင့်ဒေး။
          ထိုအချိန်ကာလမျိုးတွင် မြန်မာနိုင်ငံ၌လည်း မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ထန်းပေါက် ကုန်းရွာမှ အသက် (၁၁)နှစ်အရွယ် အရပ် ၂၂လက်မ
   ခန့်သာရှိသည့် ဗလကြီးဟု ခေါ်သော ကလေးငယ် အား ကမ္ဘာ့အရပ်အပုဆုံးကလေးငယ်အဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း(Guinness World Records)
   စာအုပ်တွင် မှတ်တမ်းတင် ပါဝင်ခွင့်ရရှိရန်အတွက် ကြိုးစားအားထုတ်လာသည့် သတင်းကို ကြားသိခဲ့ရ သည်။ ထိုမှတ်တမ်းစာအုပ်၌ ဖော်ပြခံခဲ့ရပါက မြန်မာ
   လူမျိုးတစ်ဦးအနေဖြင့် ၀မ်းသာဂုဏ်ယူနိုင်မည်ဖြစ် သည့်အပြင် ယနေ့ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအနေ အထားအရလည်း တိုင်းပြည်၏ ခရီးသွားလုပ်ငန်းများ
   တွင် များစွာ အကျိုးဖြစ်ထွန်းလာမည်မှာ အမှန်ပင် ဖြစ်သည်။
          ကျွန်တော်တို့နိုင်ငံတွင် လွန်ခဲ့သော နှစ် ပေါင်း သုံးဆယ်ကျော်ခန့်က ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်နိုင်ခွင့်အခြေအနေနှင့် ကမ္ဘာကျော်ကာ
    ကမ္ဘာသိဖြစ်စေနိုင်ခဲ့သည့် အကြောင်းအရာတစ်ခုရှိခဲ့ သည်ကို ပြန်ပြောင်းသတိရမိသည်။ ထိုအကြောင်း ကတော့ မြန်မာပြည်၌ အရပ်အရှည်ဆုံး အမျိုးသမီး
    ဖြစ်ခဲ့သူ မဇီးကွက်စိန်ပင်ဖြစ်သည်။ ထိုအချိန်က တိုင်း ပြည်၏အနေအထားကြောင့် ကမ္ဘာသိအောင် ၀င် ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့သည်မှာ စိတ်မကောင်းဖွယ် ရာ
    တစ်ရပ်ဟု ဆိုရချေမည်။
          ဇွန်လထဲတွင် ပုဂံညောင်ဦးသို့ လုပ်ငန်း တာဝန်ဖြင့် နှစ်ကြိမ်တိုင် ရောက်ခဲ့ပြန်သည်။ ဒုတိယ အကြိမ်မှာတော့ လုပ်ငန်းတာဝန်ပြီး၍ အချိန်အနည်း
     ငယ်အားနေခဲ့သည့်အတွက် မြန်မာပြည်တွင် အရပ် အရှည်ဆုံးဖြစ်ခဲ့သူ (ထိုအချိန်က ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်ဝင်ရောက်ယှဉ်ပြိုင်
    လျှင် မှတ်တမ်းဝင်နိုင်သူ)ပုဂံသူ မဇီးကွက်စိန်အကြောင်း က စိတ်ထဲသို့ ၀င်လာသည်။ ဒါကြောင့် ပုဂံမြို့မှ မိတ် ဆွေများ၏ အကူအညီဖြင့်
    မဇီးကွက်စိန်နေထိုင်ခဲ့ရာ နေအိမ်သို့ ရောက်ခဲ့သည်။ ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်အခါက ဇီးကွက်စိန်ဆိုသည်ကို ကြားဖူးသည်။ မမြင်ဖူး၊ မတွေ့ဖူးခဲ့၊
    ထိုအချိန်က မြန်မာနိုင်ငံတစ်ဝန်း တွင် သူ၏ သတင်းမှာ ဟိုးလေးတကျော်ကျော်ရှိခဲ့ သည်ကို ပြန်လည်သတိရမိသည်။
          ကျွန်တော်တို့နိုင်ငံ၌ ကမ္ဘာ့အရပ်အပုဆုံး ကလေးအဖြစ် မှတ်တမ်းတင်ခွင့်ရရှိရန် ကြိုးစားနေချိန် တွင် မြန်မာနိုင်ငံ၌ အရပ်အရှည်ဆုံးဖြစ်ခဲ့သူ မဇီးကွက်
     စိန်အကြောင်းကိုလည်း ယနေ့ခေတ်လူငယ်များ သိရှိ စေရန်အတွက် ဖော်ထုတ်ရေးသားရန် လိုအပ်သည်ဟု ထင်မြင်မိ၍ အခုလို ရေးသားဖြစ်ခဲ့ရခြင်းဖြစ်သည်။
     လောကနန္ဒာစွယ်တော်မြတ်စေတီအနီးရှိ မဇီးကွက်စိန် ၏အိမ်သို့ အသွား အိမ်အနီးနား လမ်းမဘေး၌ မဇီး ကွက်စိန် အထိမ်းအမှတ်ကျောက်တိုင်လေးကို ပထမ
     ဦးစွာ တွေ့မိသည်။ ကျောက်တိုင်၏ ဘေးပတ်လည် တစ်ဖက်တစ်ချက်စီတွင် 'မဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်၊ ၁၃၁၈ခု မွေး၊ ၁၃၄၁ခု ဆုံး၊ အရပ်
     ၈ပေ'ဆိုပြီး ကမ္ပည်းထိုးထားသည်ကို ဖတ်မိသည်။ မဇီးကွက်စိန်တို့၏ အိမ်ဝိုင်းထဲသို့ ရောက်သည်နှင့် အိမ် တော်တော်များများကို တွေ့ရသည်။ မဇီးကွက်စိန်အိမ်
     ကို မေးလိုက်သည်နှင့် သူမ၏ ဆွေမျိုးအချို့က လိုက်လံ ပို့ဆောင်ပေးကြသည်။ အိမ်ထဲကို ရောက်တော့ မဇီးကွက် စိန်၏ ဓာတ်ပုံများ၊ သူအိပ်ခဲ့သော ခုတင်၊
    သေတ္တာကို မှန်နှင့်လုပ်ကာ စနစ်တကျထည့်သိမ်းထားသော တစ် တောင်ခန့်ရှိ ကတ္တီပါ ဖိနပ်နှင့် ၁၂နှစ်အရွယ်တွင် သူမ ၀တ်ဆင်ခဲ့သော အရှည်လေးပေ
    နှစ်လက်မရှိ ဘောင်းဘီ ရှည်တို့ကို သူ၏ ဆွေမျိုးသားချင်းများက ပြသကြ သည်။
          အိမ်ထဲအရောက် မဇီးကွက်စိန်၏ အဒေါ် ဖြစ်သူ အသက်(၇၈)နှစ်အရွယ်ရှိ ဒေါ်ခင်နုက ရှင်းပြ ရာမှာ ''သူ့ရဲ့ နာမည်ရင်းက မခင်စိန်လို့ခေါ်တယ်။ သူ့ကို
     ဇီးကွက်စိန်လို့ ခေါ်ရတဲ့အကြောင်းကတော့ သူ့ကို ခုနစ်ရက်ပြည့် ကင်ပွန်းတပ်တဲ့နေ့မှာ သူအိပ်တဲ့ ပုခက်ရဲ့ ရင်တားကြိုးတန်းပေါ်ကို ဇီးကွက်တစ်ကောင် က
    ဘယ်ကရောက်လာမှန်းမသိဘဲ လာနားတဲ့အတွက် သူ့ကို ဇီးကွက်စိန်လို့ ခေါ်လိုက်ကြတာပါ။ သူက ငါး နှစ်သမီးလောက်ကစပြီး တဖြည်းဖြည်းထွားလာတာပါ။
    ၁၂နှစ်အရွယ်မှာ သူအရပ်ရှည်တဲ့သတင်းက တစ်နိုင်ငံ လုံးထိ တော်တော်ပြန့်သွားတယ်။ အဲဒါနဲ့ လူတွေက လောကနန္ဒာဘုရားလာဖူးရင်း သူ့ဆီဝင်ကြည့်တယ်။
    သူ့ဆီလာကြည့်ရင်းလဲ လောကနန္ဒာဘုရားကိုဝင်ဖူးကြ တယ်။ သူ့ကို လာကြည့်တဲ့ လူတွေကလဲ နောက်ပိုင်း မှာ တဖြည်းဖြည်းများလာကြတယ်။ တစ်ခါတလေ
    ညဆိုရင် ၇နာရီ ၈နာရိအထိ အိမ်မှာ လူက မပြတ် ဘူး။ လာကြည့်တဲ့သူတွေက သူ့ကို စကားပြောကြ တယ်။ သူကလဲ ပြန်ပြောတယ်။ မတ်တတ်ရပ်ခိုင်းရင်
    မတ်တတ်ရပ်ပြတယ်။ နေ့တိုင်း တစ်နေကုန် မတ်တတ် ရပ်ပြလိုက် ထိုင်ပြလိုက်၊ လမ်းလျှောက်ပြလိုက်နဲ့ သူ့ မှာ တော်တော်ပင်ပန်းရှာတယ်။ အဲဒီလိုနဲ့ အသက်
    (၁၃)နှစ်အရွယ်မှာ သူမျက်စိကွယ်သွားတယ်။ အသက် (၁၄)နှစ်အရွယ်မှာ ရန်ကုန်ကို သွားပြီး မျက်စိသွားပြ ဖူးတယ်။ ဆရာဝန်က ပြောတော့ ဟော်မုန်းများလို့ဟု
    ပြောတယ်။ မျက်စိမမြင်တော့ ခါးကိုင်းသွားတယ်။ နောက်ပိုင်းကျတော့ သိပ်မထနိုင်တော့ဘူး။ သူက လောကနန္ဒာစေတီအပါအ၀င် အခြားဘုရားတွေမှာ လဲ
    ထီးတော်တွေ လှူခဲ့တယ်။ ရွာထဲက ကလေးတွေ ကိုလဲ တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့ ဆန် ပြုတ်အမြဲတိုက်ကျွေးတယ်''ဟု ပြောပြသည်။
          ထိုခေတ်ထိုအချိန်က ကုန်သွယ်ရေးဌာနမှ အထည်အလိပ်ရောင်းချသောအဖွဲ့များသည် မဇီးကွက်စိန်တို့ နေထိုင်သော သီရိပစ္စယာရွာလေးသို့ အ၀တ်
     အထည်များကို လာရောက်ရောင်းချလေ့ရှိကြသည်။ မဇီးကွက်စိန်၏ အမေသည် ကုန်သွယ်ရေးအဖွဲ့မှ တာ ၀န်ရှိသူ ဗိုလ်ဖေတင်ဆိုသူအား သွားတွေ့၍သူ၏ (၁၂)
     နှစ်အရွယ် သမီးမှာ ကိုယ်ခန္ဓာထွားသည့်အတွက် ပိတ်စများ ပိုရောင်းပေးရန် မေတ္တာရပ်ခံသည့်အခါ ဗိုလ်ဖေတင်က ခင်ဗျားသမီးက ကိုယ်ခန္ဓာဘယ်လောက်
    တောင်ကြီးလို့လဲခေါ်လာပြပါဆိုသည့်အတွက် ခေါ် သွား၍ပြရာ ဗိုလ်ဖေတင်ကလည်း ဇီးကွက်စိန်ကို မျက်မြင် မြင်တွေ့သွားပြီး ပိတ်စများကို ပိုမို၍ ရောင်း
    ချပေးခဲ့သည်။ မဇီးကွက်စိန်မှာ အင်္ကျီစ တစ်ကိုက်ဆို လျှင် ၀တ်၍မရ။ အင်္ကျီပိတ်စ သုံးတောင်ဆိုလျှင် လက်စကပဲ ချုပ်၍ရသည်။ မိန်းမလုံချည်တစ်ထည်ကို
    ခြောက်တောင်ချုပ်ရသည်။ ပုံမှန်မိန်းမလုံချည်သုံးကွင်း ဆိုလျှင် သူ့အတွက် နှစ်ကွင်းသာရသည်။ လက်ရှည် အင်္ကျီတစ်ထည်ချုပ်လျှင် ပိတ်စငါးတောင်ခန့်ချုပ်၍
          မဇီးကွက်စိန်နှင့် လပိုင်းသာ ခြားပြီး မွေး သည့် ညီအစ်မ၀မ်းကွဲတော်စပ်သူ အသက်(၅၃)နှစ်ရှိ ဒေါ်လှဝေကလည်း ''မဇီးကွက်စိန်ကို ၁၃၁၈ခုနှစ် (၁၉၅၆)
      ခုနှစ်မှာ ဦးထွန်းသိန်းနဲ့ ဒေါ်ငြိမ်းတို့က မွေးတဲ့ မွေးချင်းလေးယောက်ထဲက အငယ်ဆုံးသမီးဖြစ်တယ်။ ကျန်တဲ့သုံးယောက်က ယောက်ျားလေးတွေပါ။ သူနဲ့
      ကျွန်မက လပိုင်းပဲခြားတယ်။ သူက ၀ါခေါင်လမှာမွေး ပြီး ကျွန်မက သီတင်းကျွတ်လမှာမွေးပါတယ်။ သူ့ကို မွေးတဲ့အခါမှာ ပုံမှန်ကလေးအရွယ်လောက်ပဲလို့ လ
ူ      ကြီးတွေက ပြောခဲ့ဖူးတယ်။ ငါးနှစ်သမီးအရွယ်မှာ တော့ သူ့ရဲ့ ကိုယ်ခန္ဓာက (၁၃)နှစ်သမီးတွေအရွယ် လောက်ထိ ထွားလာပါတယ်။ ကျွန်မကတော့ ပုံမှန်
      ငါးနှစ်သမီးအရွယ် ခပ်သေးသေးပဲ။ သူက အဲဒီအရွယ် မှာ ရေပုံးနှစ်ပုံးလောက်ကို ဘယ်ညာတစ်ပုံးစီသယ်နိုင် နေပြီ။ သူနဲ့ကျွန်မက ယွန်းအကြမ်းထည်လုပ်ငန်းကို
       လဲ အတူတူလုပ်ခဲ့ဖူးကြတယ်။ အရပ်ရှည်လာတဲ့အခါ သူ့ရဲ့ အရပ်က အိမ်တံခါးပေါက်နဲ့ လုံးဝမလွတ်တော့ ဘူး။ အစားအစာကိုတော့ ပုံမှန်လူတွေစားသလောက်
       ပဲ စားပါတယ်။ ဒါပေမဲ့ တစ်နေ့ကို သုံးလေးကြိမ် လောက်တော့ စားပါတယ်။ အိမ်အပြင်မှာ လမ်း လျှောက်ဖို့အတွက် အိမ်ရှေ့က မန်ကျည်းပင် နှစ်ပင် မှာ
      ကြိုးတန်းထားပေးပြီး အဲဒီကြိုးကို ကိုင်ပြီး လမ်း လျှောက်ပါတယ်။ မဇီးကွက်စိန်က စိတ်ထားလဲ နူးညံ့ သလို ခပ်အေးအေးပဲ နေတတ်ပါတယ်''ဟု အစ်မ
          မဇီးကွက်စိန်၏ မောင်အငယ်ဆုံးဖြစ်သူ အသက်(၄၆)နှစ်အရွယ်ရှိ ကိုဝိုင်းကလဲ သူ၏အစ်မ ဖြစ်သူမဇီးကွက်စိန်နှင့်ပတ်သက်၍ သိရှိခဲ့သလောက် ကို
     ပြောပြပါတယ်။ ''အမေက သူ့ကို ကိုယ်ဝန်မရှိခင် အိပ်မက်မက်ဖူးတယ်တဲ့။ အိပ်မက်က ကျွန်တော်တို့ အိမ်ရဲ့ အိမ်ဦးခန်း ခေါင်တိုင်မှာ ဆင်ဖြူတော်လာပြီး
      မြို့နယ် ဇီးချိုပင်ရွာက အရပ်အရှည်ဆုံးဆိုတဲ့ မခင်ဝင်း ဆိုသူ အမျိုးသမီးတစ်ဦးက မဇီးကွက်စိန်နဲ့ အရပ်ရှည် တာ ယှဉ်ကြည့်ဖို့အတွက် အိမ်ကို လာဖူးတယ်။ နှစ်
     ယောက်အရပ်ယှဉ်တိုင်းကြည့်တော့ မခင်ဝင်းက မဇီး ကွက်စိန်ထက် အရပ်နိမ့်တယ်။ အဲဒီလို အရပ်တိုင်း ပြီးတော့ မဇီးကွက်စိန်က မခင်ဝင်းကို ဖိနပ်တစ်ရန်
     လက်ဆောင်ပေးလိုက်တယ်။ မဇီးကွက်စိန်စီးဖို့အတွက် ဖိနပ်ကို မြင်းခြံမြို့က မှာရတယ်။ ပုဂံကို လာတဲ့ နိုင်ငံ ခြားသားခရီးသွားတွေကလဲ
     မဇီးကွက်စိန်ဆီကိုလာပြီး ခဏခဏအရပ်ကို ယှဉ်တိုင်းကြည့်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့အရပ်ကို ဘယ်သူမှ မမီဘူး။ အစ်မဟာ ၁၃၄၁ ခုနှစ်(၁၉၇၉)ခုနှစ် အသက်
     (၂၃)နှစ်အရွယ်မှာ ရေချိုး မှားပြီ ကျန်းမာရေးမကောင်းရာကနေ ဆုံးသွားခဲ့တယ်။ ဆုံးတဲ့ရက်ကိုတော့ အတိအကျမမှတ်မိတော့ဘူး။ မဇီး
      ကွက်စိန်ဆုံးသွားတဲ့အချိန်မှာ ထူးခြားမှုတစ်ခုရှိခဲ့တာ ကို ပြောပြရရင် သူဆုံးတဲ့နေ့မှာ ဆင်တစ်ကောင်နဲ့ ဆင်ဦးစီးတစ်ယောက်တို့က ဘယ်ကမှန်းမသိဘဲ
      ရောက်လာပြီး မဇီးကွက်စိန်ရဲ့ ရုပ်အလောင်းကို ကြည့် ပြီးတော့ ဘယ်ကိုမှန်းမသိဘူး ပြန်သွားကြတယ်။ ဒါ ကတော့ ထူးခြားမှုပဲ။ သူ့ရဲ့ ရုပ်ကလာပ်ကို မန္တလေး
      ဆေးတက္ကသိုလ်ကို လှူလိုက်တယ်။ သူဆုံးပြီးတော့ သူ့အတွက် အထိမ်းအမှတ်ကျောက်တိုင်လေးကို သူ နေထိုင်မကောင်းတဲ့အချိန်က နေခဲ့တဲ့ အိမ်ခြံဝင်းနေရာ
       လေးမှာ စိုက်ထူပေးခဲ့တယ်။ အဲဒီကျောက်တိုင်လေး ကိုလဲ ရေရှည်တည်တံ့အောင် ကျွန်တော်တို့မိသားစု တွေက ဒီကနေ့ထက်ထိတိုင် သေသေချာချာထိန်းသိမ်း
      ထားပြီး နှစ်စဉ်ဆေးသုတ်ပေးပါတယ်''ဟု ပြောပြသည်။
          မည်သို့ပင်ဆိုစေကာမူ သေသောသူ ကြာ ရင်မေ့ဆိုသည့် မြန်မာစကားပုံတစ်ခုရှိခဲ့ပေမယ့် မြန်မာ ပြည်၌ ထူးထူးခြားခြားအရပ်အရှည်ဆုံးဖြစ်ခဲ့သူ ပုဂံသူ
      မဇီးကွက်စိန်ကိုတော့ ဒီလိုအချိန်အခါမျိုးမှာ ကျွန်တော် တို့ မမေ့နိုင်ခဲ့ပါ။ ဒါ့ကြောင့် သူ့ရဲ့ဘ၀ မှတ်တမ်းတစ်ခု ကို သမိုင်းတစ်ခုလို တန်ဖိုးထားမိသည့်အတွက်
      ယခု လို စာတစ်စောင်ပေတစ်ဖွဲ့အဖြစ် ပြန်လည်ရှာဖွေ ဖော်ထုတ်ကာ ရေးသားမိလိုက်ရခြင်းဖြစ်သည်။      ။
သာဥာဏ် (ရန်ကင်း)
Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite
Local news
World & Asia
Entertainment
Life Style
Health
Culture & Society
Politics & OP/View
Perspective
About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007
yangonmedia.com
 Total Hit
Powered By: CREATIVE Web Studio